Thursday, August 30, 2012
ကျနော် Blog ရေးဖြစ်ရခြင်း အကြောင်းရင်း
၁း၀၀ နာရီ
Gtalk ကို ဖွင့်ထားတယ်။
မီးက စိမ်းမလာ။
၂း၀၀ နာရီ
Gtalk ကို ဖွင့်ထားတယ်။
မီးက စိမ်းမလာ။
၃း၀၀ နာရီ
၎း၀၀ နာရီ
၅း၀၀ နာရီ
၆း၀၀ နာရီ
Gtalk ကို ဖွင့်ထားတယ်။
မီးက စိမ်းမလာ။
မျက်လုံးတွေ ကျိန်းစပ်နေတယ်။
အိပ်လိုက်ရင်ကောင်းမလား။
ထပ်လွဲနေအုံးမလား။
အချိန်တွေ တနာရ်ီပြီး တနာရီ ကုန်လွန်လာခဲ့ပြီ။
ကုန်လွန်သွားခဲ့တဲ့ နာရီတွေတိုင်းမှာ
အချိန်စေ့သွားရင်
သူ့အလိုလို ထပေါက်ကွဲတော့မဲ့
ချိန်ကိုက်ဗုံးတလုံးကို
ရှေ့မှာချပြီး
ဒ်ီအတိုင်း ထိုင်ကြည့်နေရသူတယောက်ရဲ့ခံစားချက်နဲ့
ဆင်ဆင်တူတဲ့ ခံစားချက်မျိုးကျနော့်ထံမှာ ရှိနေခဲ့တယ်။
အနီးကပ်ဆုံး လူနှစ်ယောက်အကြားမှာ
မသိမသာ တိုးဝှေ့ဝင်ရောက်လာတဲ့
တိတ်ဆိတ်ခြင်း။
အေးစက်ခြင်း။
သွေ့ခြောက်ခြင်း။
သူစိမ်းဆန်ခြင်း။
စတဲ့ ...စတဲ့
ကျနော်မုန်းတီးတဲ့ အရာတွေကို ပုံမှန်အခြေအနေ ပြန်လည်ရောက်စေဖို့
ကျနော်တို့ စကားပြောကြရလိမ့်မယ်…။
အရင်အချိန်တွေတုန်းကလို
လွတ်လပ်သော
နွေးထွေးသော
ပွင့်လင်းသော
လှိုက်လှဲ နွေးထွေးမှုမျိုး
ကျနော်တို့ အကြားကို ပြန်လည် ခေါ်ဆောင်လာဖို့
ကျနော်တို့ စကားပြောကြရလိမ့်မယ်…။
တအုံနွေးနွေးနဲ့
မပွင့်မလင်းဖြစ်နေတဲ့ အရာတွေ
ရှင်းရှင်းလင်းလင်းဖြစ်သွားစေဖို့
သာတယ် နာတယ် သဘောထားရန် မလိုတဲ့ ဆွေးနွေးမှုမျိုး
အထင်သေး နှိမ့်ချခြင်းမဟုတ်တဲ့ ထောက်ပြ ပြောဆိုခြင်းမျိုး
တဖက်သတ် အပြစ်တင် စွတ်စွဲ ထိုးနှက် ဝေဖန်တာ မဟုတ်တဲ့ အကြံပြု အကြံပေးမှုမျိုး
လိုကောင်း လိုနိုင်တယ်။
သူ့စိတ်ထဲမှာ ဘာတွေရှိနေသလဲ ဆိုတာ မြင်သာလာအောင် စကားလမ်းကြောင်း ဖွင့်ပေးဖို့
သူ့စကားတွေကတဆင့် သူ့သဘောထားကို သေသေချာချာ စေ့ငုံမိစေဖို့
ကျနော် သူနဲ့ စကားပြောဖို့ အမှန်တကယ်ကို လိုအပ်နေတယ်…။
တနှစ်တာလုံး
သူနဲ့ ပတ်သက်သမျှ
အရာရာကို
အလိုက်သင့် အလျားသင့် လက်ခံတတ်
အစဉ် နားလည်ပေးနေတတ် သူတယောက် ဖြစ်ပေမဲ့
ဒ်ီတကြိမ်မှာတော့ ကျနော် ငြိမ်သက်စွာ ခြေစုံရပ်ပြီး နေလို့ မဖြစ်တော့…။
ဟုတ်ပါတယ်…
ကျနော်တို့ စကားပြောကြရတော့မယ်…။
သူနဲ့ ကျနော် မျက်နှာချင်းဆိုင် စကားပြောဖို့
ဘယ့်အချိန်က အကောင်းဆုံးဖြစ်မလဲ…။
သေချာတာကတော့
သင်တန်းပြီးတဲ့ ညနေခင်းအချိန်တွေမှာပဲ ဖြစ်ဖို့များမယ်…။
ဒါဆိုရင်…
သာယာတဲ့ လေညှင်း နော့နော့ တိုက်ခတ်တဲ့ ညနေခင်းတခုမှာ
စိမ်းမြမြ မြက်ခင်းပြင်ကျယ်ကို မျက်နှာမူပြီး ဘေးချင်းယှဉ် လမ်းလျှောက်လို့ရတဲ့ အချိန်မျိုးမှာလား…
ပင်လယ်ကို ဖြတ်တိုက်လာသော လေကို မျက်နှာမော့ပြီး တဝကြီးရှိုက်သွင်းလိုက်တဲ့ အချိန်မျိုးမှာလား…
ကျနော် သူ့ကို စကားပြောချိန်တွေမှာ
သူ ပျော်ရွှင်နေသလား…
သူ စိတ်ညစ်ညူးနေသလား…
သူ လက်ခံချင်ရဲ့လား…
သူ နားထောင်ချင်ရဲ့လား…
သူ တုံ့ပြန်ချင်ရဲ့လား…
စတဲ့ သူ့ စိတ်အစဉ်ကို
သူ့မျက်နှာပေါ်မှာ
သူ့ မျက်လုံးတွေထဲမှာ
ကျနော် ဖတ်ရှုဖို့ မလွဲမသွေ လိုအပ်နေအုံးမှာ…။
နောက်တခုက
သူ့ ထံက တုံ့ပြန်စကားတွေကိုလဲ ကျနော် မေ့ထားလို့ မဖြစ်ပြန်ဘူး။
ပြောရရင်
သူက သွေးအေးတတ်သူ
ရေငုံနှုတ်ပိတ်နေတတ်သူ
ခွန်းတုန့်ပြန်ဖို့ နှုတ်နှေးတတ်သူ
ထိပ်တိုက်မတိုးပဲ တိတ်တဆိတ် ရှောင်ဖယ်တတ်သူ…။
ကျနောက သွေးပူတတ်သူ
ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သူ
မကျေနပ်ရင် မကျေနပ်သလို ခပ်ရမ်းရမ်း မြည်တွန် တောက်တီးတတ်သူ
သွေးတိုးလာရင် စကားလုံး လှလှ မရွေးတတ်သူ…။
ကျနော် စဉ်းစားနေရတယ်...။
ဒီအတိုင်းတော့ မဖြစ်...
မပြောလို့ လုံးဝ မရ…။
တနည်းနည်းနဲ့ ပြောတော့ ပြောမှ ဖြစ်တော့မယ်။
စကားနဲ့ ပြောရင်
အလိုမကျသံ
အားမလို အားမရသံ
အပြစ်တင်ချင်တဲ့အသံ
စိတ်လက် မရှည်တဲ့အသံ
စိတ်ထိခိုက် ဝမ်းနည်းသံ…
နောက်ဆုံးမှာ စိတ်ဆိုး ဒေါသသံ...
စတဲ့အသံတွေ ဘယ်လိုနည်းနဲ့မှ မပါပါဘူးလို့ အာမခံနိုင်မလား။
မသေချာဘူး...
တကယ့်ကို မသေချာဘူး...။
ချာချာလည်နေတဲ့ အတွေးတွေအဆုံးမှာ
ပြောစရာရှိတာတွေကို
စာနဲ့ပဲ ရေးပြီး ပြောဖို့
ကျနော် ဆုံးဖြတ်လိုက်တော့တယ်။
နှုတ်တရာ စာတလုံးဆိုတဲ့ စကားကို ကျနော် သတိရတော့
စိတ်တွေနောက်ကျိနေတဲ့ ကြားက ပြုံးမိသေးတယ်…။
စကားကျွံရင် နှုတ်မရ ဆိုတဲ့ စကားကို သတိရမိပြန်တော့
စာရေးဖို့ ပိုပို သေချာခဲ့ရတယ်…။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော် စာ စ ရေးတော့မယ်…။
ကျနော် ရေးမဲ့ စာတွေထဲမှာ
ကျနော့်ရဲ့ ရင်ထဲက ထုထည်ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ စေတနာတွေကို သူ မြင်နိုင်စေရမယ်…။
ကျနော့်ရဲ့ နှလုံးသားထဲက ဂရုဏာစိတ်လွှမ်းတဲ့ ကြင်နာခြင်းတွေကို သူ မြင်နိုင်စေရမယ်…။
ကျနော့်ရဲ့ အတွေးများထဲကှ သင့်တင့်မျှတပြီး မှန်ကန်ကောင်းမွန်တဲ့ ဝေဖန်ချက်တွေကို သူ မြင်နိုင်စေရမယ်…။
ကျနော့်ရဲ့ စကားလုံးများထဲက သာယာနာပျော်ပြီး နားခံသာတဲ့ အကျိုးကို လိုလားတဲ့ အပြစ်တင်စကားတွေကို မြင်နိုင်စေရမယ်…။
ကျနော့်ရဲ့ အပြောများထဲက ငြင်းဆန်နိုင်စရာ မရှိတဲ့ အကြံပြုချက်တွေကို မြင်နိုင်စေရမယ်…။
စကားနဲ့ ပြောရင် ပြင်မရ နှုတ်မရတဲ့ အမှားအယွင်းတွေ ပါသွားကောင်း ပါသွားနိုင်တယ်။
စာနဲ့ ရေးရတဲ့အခါမှာတော့ ပြင်မရ နှုတ်မရတဲ့ အမှားအယွင်းတွေ နဲသွားမယ်။
စကားလုံး အသုံးအနှုန်းတွေကို
သင့်တော်အောင်
ချောမွေ့အောင်
စိတ်တိုင်းမကျမချင်း ပြင်လို့ရတယ်။
အဒီစာတွေကို
ကျနော် ရေးနေတုံးလဲ စိတ်တိုင်းမကျမချင်း ပြင်လို့ရတယ်။
ရေးပြီးရင်လဲ အထပ်ထပ် အပြန်ပြန် အလှန်လှန် ဖတ်
စကားလုံးတွေသိုသိုသိပ်သိပ်ဖြစ်စေဖို့
မလိုအပ်တဲ့ ချီးခြောက်တွေ ပါမသွားစေဖို့
ချွန်မြတဲ့ ထိုးနှက်ချက်တွေ ပါမသွားစေဖို့
သူစိမ်းဆန်တဲ့ ခါးသီးခြင်းတွေ ပါမသွားစေဖို့
သူ့ရဲ့ ကိုယ် စိတ် နှလုံး သုံးပါးစလုံး စိုးစဉ်းမျှ နာကျင်ထိခိုက်ခြင်း အလျဉ်းမရှိစေဖို့
အကြိမ်ကြိမ် ဂရုတစိုက် တည်းဖြတ် ပြင်ဆင်ရလိမ့်မယ်…။
ရက်အတန်ကြာ ရေးသား ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်အပြီးမှာတော့
ဒီစာကို ကျနော် Email ကတဆင့် သူ့ထံ လှမ်းပို့လိုက်မယ်…။
သူ မေးလ်စစ်တဲ့ တရက်ရက်မှာ
သူ့လက်ထဲကို မလွဲမသွေ ရောက်သွားမှာပါ။
ဒီစာတွေကို သူဖတ်ပြီးရင်
ကျနော်အပေါ် ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကိုတော့
နှစ်ဦးသား အတူရှိနေနိုင်မဲ့ ညနေခင်းအချိန်တွေမှာ ကျနော် ရင်ခုန်လှိုက်မောစွာ စောင့်မျှော်နေဆဲပါ…
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment