Friday, August 31, 2012
ဘာက ပိုအရေးကြီးပါသလဲ
ကျနော် ဆယ်တန်းစာမေးပွဲပြီးတော့ ကျောင်းက အကြာကြီးပိတ်တယ်။
အခုလိုမျိုး သင်တန်းတွေကလဲ မရှိသေးတဲ့ အချိန်ဆိုတော့
အင်္ဂလိပ်ပုံပြင်လေးတွေ ဖတ်လိုက်
ကြိုက်ရင် ဘာသာပြန်လိုက်
အင်္ဂလိပ်စာဖတ်တာနဲ့ ရေးတာကို နေ့တိုင်းလေ့ကျင့်ဖြစ်တယ်။
အဲဒီလို လေ့ကျင့်ခဲ့တဲ့ ပုံပြင်လေးတွေထဲက
သားအဖ နှစ်ယောက်နဲ့ မြင်းတစ်ကောင်ပုံပြင်လေးကို ဒီနေ့ပြန်အမှတ်ရမိတယ်။
ပုံပြင်ကတော့ လူတိုင်းလိုလို ကြားဘူးကြမှာပါ။
တခါတုံးက လူတယောက်ရှိတယ်။
သူက သူတို့ရဲ့ မြင်းလေးကို ဈေးမှာ သွားရောင်းချင်တယ်။
ဒါကြောင့် ဈေးသွားပြီး ငါတို့ မြင်းလေးကို ရောင်းကြစို့...လို့ သူ့သားကိုပြောတယ်။
ဒါနဲ့ သားအဖ နှစ်ယောက် သူတို့ရဲ့ မြင်းလေးနဲ့ ဈေးကို သွားကြတယ်။
ဒါပေမဲ့ သားအဖ နှစ်ယောက်စလုံး မြင်းလေးကို မစီးဘဲ လမ်းလျောက်သွားကြတာပါ။
သားအဖ နှစ်ယောက်စလုံး မြင်းလေးကို မစီးဘဲ လမ်းလျောက်သွားတာကို မြင်လိုက်တော့
ခပ်ကြောင်ကြောင် လူငယ်တယောက်က ဟားတိုက် ရီတယ်တဲ့။
ဟား...ဟား...ဟား
သောက်ရူးနှစ်ယောက်...
ခင်ဗျားတို့ ရူးနေလား..
မြင်းကိုဘာလို့တက်မစီးကြတာလဲ....လို့ မေးလိုက်တယ်။
အဲဒီတော့
‘ တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ’ ဆိုတဲ့ အတွေးနဲ့ ကြီးပြင်းလာတဲ့.. အဖေက
ဟုတ်တာပေါ့ဗျာ...
သိပ်ဟုတ်တာပေါ့...
ခင်ဗျားပြောတာ မှန်လိုက်တာ..လို့ ပြောပြီး မြင်းပေါ်တက်စီးလိုက်တယ်။
ဒါနဲ့...အဖေက မြင်းပေါ်တက်စီးပြီး ရှေ့ကသွား
သားက မြင်းနောက်ကနေ လမ်းလျောက်ပြီးလိုက်ခဲ့တယ်တဲ့။
အဲဒီလို အဖေက မြင်းပေါ်တက်စီးပြီး ရှေ့ကသွား
သားကနောက်ကနေ လမ်းလျောက်ပြီးလိုက်နေတာကို
ခပ်စွာစွာ မိန်းမလေး တယောက်က မြင်တော့
ဒါ..မတရားဘူး
ဒါ..လုံးဝကို မတရားဘူး
ရှင်က...လူကြီးပဲ...
ပြီးတော့ သန်သန်မာမာနဲ့
ရှင့်သားခမျာ ဘယ်လောက်သနားဖို့ ကောင်းလဲ..
နောက်ကနေ လမ်းလျောက်ပြီး လိုက်နေရတာ ပင်ပန်းရှာမှာပေါ့..
မြင်းစီးသင့်တာ က သူ
ရှင် မဟုတ်ဘူး..လို့အော်ပြောတယ်တဲ့
အဲဒီတော့
‘ တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ’ ဆိုတဲ့ အတွေးနဲ့ ကြီးပြင်းလာတဲ့.. အဖေက
ဟုတ်တာပေါ့ဗျာ...
သိပ်ဟုတ်တာပေါ့...
ခင်ဗျားပြောတာ မှန်လိုက်တာ..လို့ ပြောပြီး မြင်းပေါ်ကနေ ဆင်းလိုက်တယ်။
ဒါနဲ့...သားက မြင်းပေါ်တက်စီးပြီး ရှေ့ကသွား
အဖေက မြင်းနောက်ကနေ လမ်းလျောက်ပြီးလိုက်ခဲ့တယ်တဲ့။
သားက မြင်းပေါ်တက်စီးပြီး ရှေ့ကသွား
အဖေကနောက်ကနေ လမ်းလျောက်ပြီးလိုက်နေတုံး
ခပ်ထောင်ထောင် လူချမ်းသာ တယောက်က မြင်တော့
ဟေး!
မင်းနှယ်ကွာ...
မြင်းရှိရဲ့သားနဲ့ လမ်းလျောက်နေသလာ့း..
အတော့်ကို ရီစရာကောင်းတဲ့
ခေါင်းမရှိတဲ့ ကောင်ပဲ..လို့်ပြောပြန်သတဲ့
‘ တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ’ ဆိုတဲ့ အတွေးနဲ့ ကြီးပြင်းလာတဲ့.. အဖေက
ဟုတ်တာပေါ့ဗျာ...
သိပ်ဟုတ်တာပေါ့...
ခင်ဗျားပြောတာ မှန်လိုက်တာ..လို့ ပြောပြီး
မြင်းပေါ်ကို ခုန်တက်ပြီး သားနောက်ကနေ ထိုင်စီးလိုက်တယ်တဲ့။
သားအဖ နှစ်ယောက် မြင်းပေါ်ထိုင်စီးလာတာကို အဖွားအိုတယောက်က မြင်ပြန်တော့
ရက်စက်လိုက်တာ..
ရက်စက်လိုက်ကြတာ..
အကြင်နာတရား..မဲ့လိုက်ကြတာ
မြင်းလေးခမျာ ဘယ်လောက်သနားစရာကောင်းသလဲ..
ဒီလောက် ပိန်ကပ်နေတဲ့ မြင်းပေါ်
ပြိတ္တာ နှစ်ကောင်လုံး တက်စီးရတယ်လို့
ပြောချင်ဘူး
ပြောချင်ဘူး
ဆင်းစမ်း...
ဆင်းကြစမ်း...
မြင်းပေါ်က ခုချက်ချင်း ဆင်းကြစမ်း...
မြင်းလေး ဘယ်လောက် ပင်ပန်းတယ်ဆိုတာ မင်းတို့သိစေရမယ်။
အခု မြင်းလေး နားရမဲ့ အလှဲ့..
နင်တို့ သေနာနှစ်ကောင်က
မြင်းလေးကို ထမ်းကြစမ်း...လို့ဒေါသတကြီး ဟောက်တယ်တဲ့
‘ တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ’ ဆိုတဲ့ အတွေးနဲ့ ကြီးပြင်းလာတဲ့.. အဖေက
ဟုတ်တာပေါ့ဗျာ...
သိပ်ဟုတ်တာပေါ့...
ခင်ဗျားပြောတာ မှန်လိုက်တာ..လို့ ပြောပြီး
မြင်းပေါ်ကနေ သားအဖ နှစ်ယောက်လုံး ခုန်ဆင်းလိုက်ကြတယ်။
အဖေက မြင်းရဲ့ခြေထောက်တွေကို ကြိုးနဲ့တုတ်
ပြိးတော့ သစ်ကိုင်း ရှည်ရှည် တခုရှာ
ကြိုးတုတ်ထားတဲ့ မြင်းရဲ့ ခြေထောက်တွေကြားထဲ လျိုသွင်း
ပြီးတော့ ဈေးကို ထမ်းသွားကြပြန်တယ်။
ဈေးပေါက်ဝ ရောက်ရောက်ချင်းပဲ
လူတွေက ကျီးအာသလို ..ဟောဒီလို တယောက်တပေါက် ၀ိုင်းပြောကြတယ်။
ကြည့်ကြပါအုံး..အရပ်ကတို့ရေ...
မြင်းလေးကို ခြေထောက်တွေ ကြိုးတုတ်လို့
အမလေး...မြင်းလေးခမျာ
ဘယ်လောက်များ ကသိကအောက်ဖြစ်ရှာမလဲ..
ဖြစ်မှဖြစ်ရလေ မြင်းလေးရယ်..
သနားစရာလေး..
ဟေ့ ကြင်နာစိတ် ကင်းမဲ့တဲ့ မင်းတို့နှစ်ယောက်
မြင်းလေးကို အောက်ချလိုက်စမ်း..
ခြေထောက်တွေကို ကြိုးနဲ့တုတ်မထားနဲ့ ဖြေလိုက်..
မြင်းလေး...သူဖာသာသူ လျောက်ပါစေလို့ ၀ိုင်းဆရာလုပ်ကြတာပေါ့ကွယ်။
အဲဒီ.အချိန်မှာ
အဖေလုပ်တဲ့လူက
မျက်နှာလေးငယ်ငယ်
အသံလေး တုံတုံနဲ့
အို....မဟုတ်သေးဘူးလေ
ကျနော်က တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲဆိုပြီး
ဘယ်သူဘာပြောပြော ပြောသမျ ကျနော် မငြင်းခဲ့ဘူး။
သူတို့ပြောသလို အကုန်လိုက်လုပ်ခဲ့တာပဲ။
သူတို့ စကားကို အထွန့်မတက်ဘဲ အကုန်နားထောင်ခဲ့တာပဲ။
မြင်းကိုဘာလို့တက်မစီးကြတာလဲ မြင်းဆိုတာစီးဖို့လို့ပြောတော့လဲ ကျနော်စီးခဲ့တာပဲ။
မြင်းစီးသင့်တာ ရှင် မဟုတ်ဘူး..သားလို့ပြောတော့လဲ သားကိုစီးခိုင်းခဲ့တာပဲ။
မြင်းရှိရဲ့သားနဲ့ မင်း လမ်းလျောက်နေသလား ပြောတော့လဲ ကျနော်တို့နှစ်ယောက်လုံးစီးခဲ့တာပဲ။
မြင်းပေါ်နှစ်ယောက်လုံး တက်စီးလို့မြင်းလေးကို ထမ်းစမ်းပြောတော့လဲ ကျနော်တို့နှစ်ယောက်လုံး ထမ်းခဲ့ကြတာပဲ။
အခုလဲ ...မြင်းလေးကို အောက်ချလိုက် ခြေထောက်က ကြိုးတွေ ဖြီလိုက်ဆိုတော့လဲ ဖြီပေးရုံပေါ့ဗျာ။
ဒါပေမဲ့
ခင်ဗျားတို့က ဘာလုပ်လုပ်မကျေနပ်ကြဘူး။
ဒေါသတွေပဲ ထွက်နေကြတာပဲ
အပြစ်တွေပဲ တင်နေကြတာပဲ...လို့ ၀မ်းနည်းပက်လက်ပြောရှာတယ်။
ပြီးတော့
ကြိုးကို ဖြေပေးလိုက်တယ်။
အဲဒီအချိန်မှာ
ဘာမှ မသိရှာတဲ့ မြင်းလေးက လဲနေတာကနေ ထရပ်ပြီး
‘ တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ’ ဆိုတဲ့ အတွေးနဲ့ ရှင်သန်နေတဲ့ သူရဲ့သခင်နဲ့ဝေးရာ..
ဘာလုပ်လုပ် ဘယ်တော့မှ ကျေနပ်နိုင်နိုင်မှာ မဟုတ်ကြတဲ့ လူတွေနဲ့ ဝေးရာကို
ထွက်ပြေးသွားရှာတယ်..တဲ့
သားအဖ နှစ်ယောက်နဲ့ မြင်းတစ်ကောင်ပုံပြင်လေး...
ရေးထားတဲ့ အင်္ဂလိပ်က လွယ်လွယ်လေး။
အရေးအသားကလဲ ရိုးရိုးလေး။
အကြောင်းအရာကလဲ ရိုးရိုးလေး။
ဒါလေးကို ဘာသာပြန်တုံးက ကျနော် ၁၆ နှစ်။
ဘာသာပြန်ရင်းနဲ့ ပုံပြင်လေးကို ကျနော် ကြိုက်လာတယ်။
ကျနော်တွေးစရာလေးတွေ ရလာတယ်။
လူတိုင်းကို ကျေနပ်အောင် ဘာလုပ်လုပ် လူတွေက မကျေနပ်ကြဘူး။
လူတိုင်းကို ပျော်ရွှင်အောင် ဘာလုပ်လုပ် လူတွေက မပျော်ရွှင်ကြဘူး။
လူတိုင်းရဲ့ အပြောမခံရအောင် ဘယ်လိုနေနေ အပြောမလွတ်ဘူး။
တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ဆိုပြီး အမြဲတွေးတတ်တဲ့လူ အနားကနေ
အခွင့်အလမ်းဆိုတဲ့ မြင်းလေး
ဝေးရာကို ထွက်ပြေးသွားတတ်ပါလားဆိုပြီး
ကျနော် သင်ခန်းစာ ယူမိခဲ့တယ်။
ဒီနေ့ နေလို့ထိုင်လို့ မကောင်းဘူးဗျာ။
ရင်ထဲ မွန်းကြပ်ပိတ်လှောင်သလို ခံစားနေရတယ်။
အပြင်မှာလဲ မိုးတွေက သည်းလို့။
ရင်ထဲမှာလဲ မုန်တိုင်းက မွှေလို့။
အပြင်လဲ မထွက်ဖြစ်။
စိတ်က ညစ်တစ်တစ်ဖြစ်နေတော့
ညစ်နေတဲ့ စိတ်ကို ဖွတ်ချင်တာနဲ့
ဖုံတက်နေတဲ့ ဘာသာရေး စာအုပ်လေးကောက်ဖတ်လိုက်။
အရက်ကလေး လက်တလုံးလောက် မော့လိုက်။
ကဗျာလေး တပိုက်လောက် စပ်လိုက်။
ဘာသာလေးတပိုဒ်လောက် ပြန်လိုက်။
blog လေးတပိုဒ်လောက်ရေးလိုက်။
လေလွင့်မိုးတိမ်..ဖြစ်နေတယ်။
တခုတည်းသော Communication channel ကလဲ တနေ့လုံး breakdown ဖြစ်နေတော့
ထိုင်လို့ မရ
ထလို့မရ
ဟတ်ကော့ကြီးဆိုတာ ဒါပါလားလို့
ဒီနေ့မှ
ဒီဝေါဟာရကို ကျနော်နားလည်တော့တယ်။
ပေးမဲ့ Sender
ပေးချင်တဲ့ Message
ပေးလို့ရတဲ့ Channel
အားလုံးအဆင်ပြေပေမဲ့
လက်ခံမဲ့ Receiver က တညနေလုံးစောင့်လဲ
Online ပေါ်တက်မလာတော့
ထိုင်လို့လဲ မရ
ထလို့လဲ မရ
ရင်ထဲမှာ "ဟာ" သလိုလို။
ရင်ထဲမှာ "နာ" သလိုလိုပဲ။
ပြသနာရှိရင် အဖြေရှိရမယ်လို့
တသက်လုံး ဟစ်ကြွေးလာတဲ့
ဟတ်ကော့ကြီးကျနော်
ဘာကြာင့်
ငါ...ရင်ထဲမှာ "ဟာ" နေရတာလဲလို့
ပြသနာရင်းမြစ်ကို လိုက်ရှာတော့
တခြားသူတွေက ဘယ်လိုများ ထင်ကြမလဲ ဆိုတဲ့အတွေးကို သွားခလုပ်တိုက်မိတယ်။
ဒီကနေ အတွေးတွေဆက်ပြီး ဆန့်ထုတ်မိတယ်။
ကျနော် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။
သားအဖ နှစ်ယောက်နဲ့ မြင်းတစ်ကောင်ပုံပြင်ထဲက
‘ တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ’ ဆိုတဲ့ လူလိုမျိုး
ငါရော ဘာလုပ်လုပ်တွေးမိဘူးလားလို့ ပြန်မေးကြည့်တယ်။
အဖြေကတော့ "No" တဲ့။
လူဟာ လူပါပဲ။
လူ့သဘာဝကိုက
လူတယောက်ဟာ
သူနဲ့ပတ်သက်ပြီး
အကောင်းပဲ တွေးစေချင်တယ်။
အကောင်းပဲ မြင်စေချင်တယ်။
ကျနော် အပြစ်မပြောဘူး။
ဒါက လူ့သဘာဝပဲလို့ ကျနော်လက်ခံထားပါတယ်။
ဒါပေမဲ့ ကျနော် ဘာဖြစ်လို့
တခြားသူတွေ ငါ့ကို ဘယ်လိုများ ထင်ကြမလဲ ဆိုတဲ့အတွေး မ၀င်တတ်တာလဲ
တခြားသူတွေကို ဘာကြောင့် ငါ သောက်ဂရုမစိုက်တတ်တာလဲ ဆိုတာ တွေးမိပြန်တယ်။
ပထမ အချက်က
တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ဆိုပြီး
အမြဲတွေးတတ်တဲ့လူ အနားကနေ
အခွင့်အလမ်းဆိုတဲ့ မြင်းလေး
ဝေးရာကို ထွက်ပြေးသွားတတ်ပါလားဆိုပြီး
ကျနော် ၁၆ နှစ်သားကတဲက သင်ခန်းစာ ယူမိခဲ့တာ ဖြစ်ကောင်းဖြစ်မယ်။
လူတိုင်းကို ကျေနပ်အောင် ဘာလုပ်လုပ် လူတွေက မကျေနပ်ကြဘူး...
လူတိုင်းကို ပျော်ရွှင်အောင် ဘာလုပ်လုပ် လူတွေက မပျော်ရွှင်ကြဘူး..
လူတိုင်းရဲ့ အပြောမခံရအောင် ဘယ်လိုနေနေ အပြောမလွတ်ဘူး..ဆိုတာကို
သိတတ်စအရွယ်ကတဲက ကျနော်လက်ခံထားမိပုံရတယ်။
နောက် လူတွေရဲ့ဝေဖန်တာအပေါ် ထားတဲ့ ကျနော့်သဘောထားက ရှင်းတယ်။
တခြားသူတွေက သူတို့တန်ဖိုးထားမှုတွေနဲ့ မကိုက်ညီရင် ဝေဖန်မှာတော့ အသေအချာပါပဲ။
ဒါပေမဲ့ ကိုယ့်တန်ဖိုးထားမှုနဲ့ကိုယ်ဆိုတော့ သူတို့ဝေဖန်တာကို ဂရုစိုက်နေစရာမလိုပါဘူးလို့
သိတတ်စအရွယ်ကတဲက ကျနော်လက်ခံထားမိပုံရတယ်။
ကျနော်က စာအုပ်တွေကို ချစ်တယ်။ တန်ဖိုးထားတယ်။
ဒါပေမဲ့ ကျနော်ပတ်ဝန်းကျင်က လူတွေက စာအုပ်တွေကို မချစ်ဘူး။ တန်ဖိုးမထားဘူး။
ကျနော့်အတွက် စာအုပ်တွေက အရေးပါတယ်။
သူတို့အတွက် စာအုပ်တွေက အရေးမပါဘူး။
ကျနော့် ၁၂ သိန်းတန် Laptop ၀ယ်ပြီးတပတ်အတွင်းမှာပဲ သူငယ်ချင်းတယောက်ကြောင့် ပျောက်သွားတယ်။
ဘာမှ မခံစားရဘူး။
ကျနော် နှမြောတဲ့ပုံ မပြလို့
သူငယ်ချင်းကို စိတ်ဆိုးတဲ့ပုံ မပြလို့
ပတ်ဝန်းကျင်က လူတွေ တအံ့တသြ ဖြစ်ကြတယ်။
၁၂ သိန်းတောင် မနှမြောဘူးနော်လို့မပြောပေမဲ့ အကြည့်တွေက ပြောနေတယ်။
အဲဒီ့ သူငယ်ချင်းပဲ ကျနော့်စာအုပ်တအုပ် ဖျောက်ပစ်တယ်။
မောင်ထင်ရဲ့ ငဘ။ ပထမအကြိမ် ၁၉၅၀ လောက်က ထုတ်တဲ့စာအုပ်။ ရှားပါးစာအုပ်။
ကျနော် ဒေါသထွက်တော့ ဒီကောင်လန့် ပြီး စာအုပ်ပြန်ရှာဝယ်ပေးတယ်။
ဒါပမဲ့ ပထမအကြိမ်ထုတ်တဲ့ စာအုပ် မဟုတ်ဘူး။ မနေ့တနေ့ကမှ ထွက်တဲ့ န၀မအကြိမ်ထုတ်တဲ့ စာအုပ်။
ကျနော် စာအုပ်ကို ချက်ချင်းလွှင့်ပစ်လို့ ပတ်ဝန်းကျင်က လူတွေက တအံ့တသြ ဖြစ်ကြတယ်။
ရိုင်းလိုက်တာလို့ မပြောပေမဲ့ အကြည့်တွေက ပြောနေတယ်။
ကျနော် ဂရုစိုက်မယ်ထင်သလား။
ပိုက်ဆံလက်ထဲရှိရင် Laptop အချိန်မရွေးဝယ်လို့ရပေမဲ့
ပိုက်ဆံဘယ်လောက်ရှိရှိ ရှားပါးစာအုပ်ကိုတော့ ၀ယ်လို့ ရမှာမဟုတ်တော့
ကျနော် စာအုပ်တွေကို တန်ဖိုးထားတာ မှားသလား။
ကျနော်ပြောပြီးပြီပဲ။
လူတွေက သူတို့တန်ဖိုးထားမှုတွေနဲ့ မကိုက်ညီရင် ဝေဖန်မှာတော့ အသေအချာပဲ။
ဒါပေမဲ့ ကိုယ့်တန်ဖိုးထားမှုနဲ့ကိုယ်ဆိုတော့ သူတို့ဝေဖန်တာကို ဂရုစိုက်နေစရာမလိုပါဘူးလို့။
ကျနော်နဲ့ ကျနော်ပတ်ဝန်းကျင်က လူတွေ စံသတ်မှတ်ချက်တွေ မတူကြဘူး။
တန်ဖိုးထားမှုတွေ မတူညီနိုင်ဘူး။
ကျနော်က လူတယောက်ရဲ့တန်ဖိုးကို မရှိမဖြစ်ဆိုတဲ့ လောကကြီးအတွက် အသုံးဝင်မှုပေတံ
ဘယ်လောက်အထိ ကိုယ်ကျိုးစွန့်လဲ ဆိုတဲ့ အနစ်နာခံမှုပေတံနဲ့တိုင်းတယ်။
ဘယ်လောက် ပညာတတ်တတ်
ဘယ်လောက် ရာထူးကြီးကြီး
ဘာကောင်ကြီး ဖြစ်နေနေ
လောကကြီးအတွက် အသုံးဝင်အောင် ဘာမှ မလုပ်ခဲ့တဲ့ ဆန်ကုန်မြေလေးဆိုရင်
ဘယ်တုံးကမှ ကိုယ်ကျိုးမစွန့်ခဲ့ အနစ်နာမခံခဲ့တဲ့ အခွင့်အရေးသမား ဆိုရင်
ကျနော် ဆရာလို့ တသက်လုံးမခေါ်ဘူး။
ကျနော် ဆရာလို့ခေါ်တာနဲ့
ချစ်တယ်လို့ပြောတာမှာ အရမ်းကပ်စေးနဲတယ်။
လူဟာ လူပါပဲ။
လူ့သဘာဝကိုက
လူတယောက်ဟာ
သူနဲ့ပတ်သက်ပြီး
အကောင်းပဲ တွေးစေချင်တယ်။
အကောင်းပဲ မြင်စေချင်တယ်။
ကျနော် အပြစ်မပြောဘူး။
ဒါက လူ့သဘာဝပဲလို့ ကျနော်လက်ခံထားပါတယ်လို့ပြောပြီးသားပါ။
ဒါပေမဲ့
ဒါ့ထက်ပိုပြီး စဉ်းစားကြည့်မယ်ဆိုရင် …
အမြဲတမ်းလိုလို
့်သူငယ်ချင်းတွေ
မိသားစုတွေ
လုပ်ဖော်ကိုင်ဖက်တွေ
မနေ့တနေ့ကမှ တွေ့ရပြီးနောက်ပြန်တွေ့ဖို့ မလွယ်တဲ့ သူစိမ်းတွေ
ငါ့ကို ဘယ်လိုထင်မြင်ယူဆကြမလဲဆိုတာ ကျနော်တို့ အမြဲတမ်း တွေးနေမိမယ်ဆိုရင်တော့
ကျနော်တို့ရဲ့ ခွန်အားတွေကို စိုးရိမ်ပူပန်တဲ့နေရာမှာ ကျနော်တို့ အများကြီး သုံးမိနေပြီနော်။
ဒါဆိုရင်
အမှန်တကယ် လုပ်ချင်တဲ့ အရာတွေကို လုပ်မိတော့မှာ မဟုတ်ပါဘူး။
အမှန်တကယ် လုပ်သင့်တဲ့ အရာတွေကို လုပ်မိတော့မှာ မဟုတ်ပါဘူး။
အခွင့်အလမ်းဆိုတဲ့ မြင်းလေး ဝေးရာကို တခါ ထပ်ထွက်ပြေးသွားအုံးမှာပါလားဆိုတဲ့ အတွေး။
ကိုယ် အရေးဟယ် အကြောင်းဟယ် ဖြစ်လာရင်
့်အဲဒီ သူငယ်ချင်းတွေ
အဲဒီ ဆွေမျိုးတွေ
အဲဒီ လုပ်ဖော်ကိုင်ဖက်တွေ က
ဘာလုပ်ပေးခဲ့ဘူးလဲ
ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အမေး။
ဒိလို
တွေးမိ မေးမိပြီးကတဲက
ကျနော့်အတွက် ဘာက ပို အရေးကြီးသလဲဆိုတာ ရှင်းရှင်းလင်းလင်း ကျနော်သိတယ်။
ကျနော့်အတွက် ဘယ်သူက ပို အရေးကြီးသလဲဆိုတာ ရှင်းရှင်းလင်းလင်း ကျနော်သိတယ်။
သူများတွေ ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်တတ်တဲ့အကျင့်ဟာ ဖျောက်ရခက်မှန်း ကျနော်သိတယ်။
ဒါပေမဲ့
ကျနော်တွေးမိသလို တွေးမိရင်
ကျနော်မေးမိသလို မေးမိရင်.....
အဓိက ကတော့ ကျနော့်တို့ရဲ့ Mindset (အတွေး) ပါပဲ။
ကျနော် စင်ပေါ်တက်ဟောတုံးက တခြားသူတွေ ထပြန်ကြမလား
ငါ့ကွယ်ရာမှာ ငါ့ကို ရယ်နေကြမှာလားဆိုတဲ့အတွေးနဲ့ စိုးရိမ်နေခဲ့တယ်။
ကျနော်ဟာ ကမ္ဘာကြီးရဲ့ အလယ်ဗဟို (centre) ရောက်နေတယ်လို့ ထင်ခဲ့တယ်။
တကယ်တော့ ကျနော်တို့ဟာ ကမ္ဘာကြီးရဲ့ အလယ်ဗဟို (centre) မဟုတ်ပါဘူး။
ကျနော်တို့ပတ်ဝန်းကျင်က လူအများစုဟာ သူတို့ကိစ္စနဲ့သူတို့ ရှုပ်နေကြတာ
သူတို့ကိစ္စတွေပဲ စဉ်းစားနေကြတာမို့ ကျနော်တို့အကြောင်းကို စဉ်းစားဖို့ အချိန်မရပါဘူး။
ဆီမီနာ တစ်ခုမှာ ကျနော်တို့ COM က ကိစ္စတွေကို လူတွေက ပြောနေကြမလားဆိုပြီး စိုးရိမ်နေမယ်။
သင်တန်း တစ်ခုမှာ ကျနော်တို့အတိတ်က ကိစ္စတွေကို လူတွေက ပြောနေကြမလားဆိုပြီး စိုးရိမ်နေမယ်။
တကယ်တော့ သူတို့ဟာ ကျနော်တို့စိုးရိမ်နေတဲ့အရာတွေကို သတိတောင် မထားမိကြပါဘူး။
ဒီတော့ ကျနော်တို့အတွက်ဘယ်ဟာက အရေးကြီးတယ်မကြီးဘူးဆိုတာနဲ့
ကျနော်တို့ဟာ ကမ္ဘာကြီးရဲ့ အလယ်ဗဟိုမှာ ရောက်နေတာမဟုတ်ဘူးဆိုတာ သိလောက်ပါပြီ။
ဒါပေမဲ့ ကျနော်တို့ကို ဝေဖန်မှုတွေကတော့ ဆက်ရှိနေဦးမှာပဲ ။
အိမ်မှာပဲဖြစ်ဖြစ်
သင်တန်းမှာပဲဖြစ်ဖြစ်
အလုပ်မှာပဲဖြစ်ဖြစ်ပေါ့၊
အများအားဖြင့်တော လူတွေရဲ့အမြင်ဟာ ကျနော်တို့ကို ထိခိုက်မှု မရှိနိုင်ပါဘူး။
အဝေဖန်ခံရတဲ့လူက လက်မခံဘူးဆိုရင် လူတွေရဲ့အမြင်က ထိခိုက်စရာအကြောင်း လုံးဝမရှိပါဘူး။
အာကျယ်အာကျယ် သူငယ်ချင်းတစ်ယောက်က
အခု ညှပ်လိုက်တဲ့ ဆံပင်ပုံစံနဲ့ပတ်သက်ပြီး ဆိုးဆိုးဝါးဝါး ဝေဖန်မယ်ဆိုပါတော့။
ဒါပေမဲ့
အဝေဖန်ခံရတဲ့လူက လက်မခံဘူးဆိုရင်
သူ့ရဲ့အမြင်က ထိခိုက်စရာအကြောင်း လုံးဝမရှိဘူး။
လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့ ဆိုပေမဲ့
လူတွေရဲ့အမြင်ကို ဂရုစိုက်ရမယ့်အခြေအနေမျိးတွေလည်း ရှိပါတယ်။
ကျနော်တို့အကျိုး တကယ်လိုလားတဲ့ လူတွေ
ကျနော်တို့ဘ၀ကို အလှည့်အပြောင်း ဖန်တီးပေးနိုင်မဲ့ လူတွေ
အဲဒီ့ လူတွေရဲ့ ကျနော်တို့အပေါ်အမြင်။
ဒါမျိုးဆိုရင်တော့ ဂရုစိုက်ရပါမယ်။
ဒါပေမဲ့
ကျနော်တို့ဟာ
ကျနော်တို့အတွက်
အရေးကြီးတဲ့သူတွေရဲ့ အမြင်နဲ့ပတ်သက်လို့ စိုးရိမ်နေတာလား။
အရေးမကြီးတဲ့သူတွေရဲ့အမြင်တွေကို စိုးရိမ်နေတာလားဆိုတာကိုတော
ကျနော်တို့ ကိုယ် ကျနော်တို့ ပြန်မေးဖို့ လိုလာပါတယ်။
ကျနော်တို့ဟာ တခြားလူတွေရဲ့အတွေးတွေကို မထိန်းချုပ်နိုင်ပါဘူး။
သူတို့ဘာကိုတွေးမယ်ဆိုတာ မသိနိုင်ဘူး။
သိစရာအကြောင်းလည်း မရှိပါဘူး။
လူတွေဟာ အကြောင်းအရာတစ်ရပ်အပေါ်မှာ နည်းအမျိးမျိုးနဲ့ တုံ့ပြန်ကြပါတယ်။
ကျနော်တို့သူငယ်ချင်းတစ်ယောက်က
ပြောင်ပြောင်လက်လက်နာရီကြီးပတ်ထားတဲ့ လူတစ်ယောက်ကို တွေ့တဲ့အခါမှာ အတော် သဘောကျသွားမယ်။
ဒါပေမဲ့ ကျနော်တို့ကတော့ တော်တော်ကြောင်တဲ့ နာရီကြီးပဲလို့ တွေးမိကောင်းတွေးမိမယ်။
ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် လူတွေရဲ့ အတွေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အတွေးတွေပါပဲ။
ကျနော်တို့ရဲ့ဘ၀က တိုပါတယ်။
တိုတောင်းတဲ့ ဘ၀မှာ ဘ၀ကို အပြည့်အ၀ ပျော်ရွှင်မှုရအောင် ကျနော်တို့လုပ်ကြရပါမယ်။
ကျနော်တိုဟာ လူတိုင်းကို တချိန်လုံး ကျေနပ်အောင် မလုပ်နိုင်ပါဘူး။
လုပ်စရာလည်း မလိုပါဘူး။
နောက်တကြိမ်
တခြားသူတစ်ယောက်ယောက်က
ကျနော်တို့ကို ဘယ်လိုထင်မြင်မလဲဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်နေတယ်ဆိုရင်
သူတို့ရဲ့အမြင်တွေက
ငါ့အတွက် တကယ်ပဲ အရေးကြီးလို့လား လို့
ကျနော်တို့ ကိုယ် ကျနော်တို့ ပြန်မေးကြည့်ကြရအောင်။
လူတိုင်းကို ကျေနပ်အောင် ဘာလုပ်လုပ် လူတွေက မကျေနပ်ကြဘူး။
လူတိုင်းကို ပျော်ရွှင်အောင် ဘာလုပ်လုပ် လူတွေက မပျော်ရွှင်ကြဘူး။
လူတိုင်းရဲ့ အပြောမခံရအောင် ဘယ်လိုနေနေ အပြောမလွတ်ဘူး။
တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ဆိုပြီး
အမြဲတွေးတတ်တဲ့လူ အနားကနေ
အခွင့်အလမ်းဆိုတဲ့ မြင်းလေး
ဝေးရာကို ထွက်ပြေးသွားတတ်ပါလားဆိုတာ
သတိရလိုက်ကြရအောင်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment