ကျနော် ကွမ်းသွားဝယ်ရင်း
ကိုအောင်အောင်သွင်နဲ့ဆုံတယ်။
သူက ကျနော်ခင်တဲ့
အရင်းနှီးဆုံး အပေါင်းအသင်းထဲက တယောက်။
သူ့အမျိုးသမီးကို သူက "သက်" လို့ခေါ်တယ်။
သူတို့ အိမ်ထောင်ရေးဟာ ကျနော်အားကျခဲ့ရတဲ့ အိမ်ထောင်ရေး။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ် ၂၀ ကတဲက
သူတို့အိမ်ဟာ ကျနော့်ရဲ့ စားအိမ်သောက်အိမ်။
သူတို့ အိမ်ထောင်ရေးဟာ အဆင်ပြေတဲ့ အိမ်ထောင် စာရင်းထဲကို ထည့်ချင်ရင် ထည့်လို့ ရတယ်။
သူနဲ့ သူ့အမျိုးသမီး ဆက်ဆံရေးဟာလည်း အဖုအထစ် မရှိသလောက် နည်းပါးပါတယ်။
ရန်ဖြစ်တာ စီတ်ကောက်တာ ကျနော် တခါမှ မတွေ့ဘူးဘူး။
သူတို့ အိမ်ထောင်ရေး ဘာကြောင့် အဆင်ပြေတာလဲ ဆိုတာ ဒီနေ့ ကျနော်တွေးမိတယ်။
သူတို့ဟာ တစ်ယောက်ကို တစ်ယောက် သူစိမ်းတွေလိုပဲ ဆက်ဆံကြတယ်။
ဒါဟာ သူတို့ အိမ်ထောင်ရေး အဆင်ပြေရတဲ့ အဓိက အကြောင်းရင်းများ ဖြစ်လေမလား ကျနော် ဆန်းစစ်မိတယ်။
သူတို့ဟာ တစ်ယောက်ကို တစ်ယောက် သူစိမ်းတွေလို ဆက်ဆံတယ် ဆိုတာ
ခပ်စိမ်းစိမ်းပဲ နေကြတယ်လို့ ကျနော် ဆိုလိုတာ မဟုတ်ပါဘူး။
သူတို့တစ်ယောက်ကို တစ်ယောက် ဆက်ဆံတာ တော်တော်နွေးထွေးပါတယ်။
ကျနော်ပြောတာကို မျက်မှောင်ကြီး ကုတ်ပြီး ရှေ့နောက်လဲ မညီဘူးလို့ အပြစ်တင် မစောနဲ့အုံး။
ကျနော် တွေးမိသလောက် ရှင်းပြပါ့မယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀မှာ
သူတို...တွေ့ကြ
သူတို...ခင်ကြ
သူတို...သုံးနှစ်သုံးမိုးချစ်ကြ
ခုဆို သမီးကြီးတောင် အသက် ၃၀
ဒါပေမဲ့
ကိုအောင်အောင်သွင်တို့ ဇနီးမောင်နှံဟာ
ဒီနေ့ထိ
တယောက်ကို တယောက် အပြန်အလှန် ရိုသေ
တယောက်ကို တယောက် အပြန်အလှန် လေးစားကြတာကို
ကျနော်သတိထားမိတယ်။
တယောက်ကို တယောက် အပြန်အလှန် ရိုသေ
တယောက်ကို တယောက် အပြန်အလှန် လေးစားကြလို့လဲ
သူတို့ အိမ်ထောင်ရေး အဆင်ပြေတာလားလို့ တွေးမိတယ်။
ကျနော် တခုစဉ်းစားမိတာပြောပြမယ်။
သူစိမ်း တစ်ယောက်ကို
ကျနော်တို့ ဘယ်လို ဆက်ဆံသလဲ ဆိုတာကို
ပြန်သုံးသပ်ကြည့်ကြရအောင်။
ကျွန်တော်တို့
သူစိမ်း တစ်ယောက်ကို တွေ့တဲ့အခါ
သူနဲ့ စကားပြောတဲ့ အခါ
ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ
ရိုသေစွာ ဆက်ဆံပါတယ်။
လေးလေးစားစား ဆက်ဆံပါတယ်။
ကျနော်တွေ ကျနက်တွေ ကျမတွေလုပ်ပြီး
ခင်သွားမှ မင်းနဲ့ ငါနဲ့ ပြောကြတာပါ။
ကျနော်ဆို တခါတလေ
ချီးထုပ်ဖြစ်လိုက်။
ကောင်မ ဖြစ်လိုက်။
ဒီနေရာမှာ အခေါ်အဝေါ်ကို ပြောချင်တာ မဟုတ်ပါဘူး။
ဘယ်လို ခေါ်ခေါ် အရေးမကြီးပါဘူး။
သဘောတောင် ကျသေးတယ်။
တယောက်ကို တယောက် အပြန်အလှန် ရိုသေဖို့
တယောက်ကို တယောက် အပြန်အလှန် လေးစားဖို့ လိုမယ်လို့ ပြောတာပါ။
ဒါပေမဲ့
တယောက်နဲ့ တယောက် မခင်မီက
တယောက်ကို တယောက် အပြန်အလှန် ရိုသေမှုမျိုး
တယောက်ကို တယောက် အပြန်အလှန် လေးစားမှုမျိုး
အရမ်း ခင်မင်သွားတောင် ထိန်းထားနိုင်ကြရင် ပိုကောင်းမလားဆိုတဲ့ အတွေး ခေါင်းထဲဝင်လာပါတယ်။
ဒီလို တယောက်ကို တယောက် အပြန်အလှန် ရိုသေမှုတွေထဲမှာ
အချိန်ကို လေးစားတဲ့ ရိုသေမှုတွေလိုမျိုးလည်း ပါသင့်တယ်ထင်ပါတယ်။
သူနဲ့ ကိုယ်နဲ့ ၄ နာရီမှာ တွေ့မယ်ဆိုရင်
သူစိမ်းတစ်ယောက်
ဒါမှမဟုတ် အလုပ်ခန့်မယ့် လူတစ်ယောက်နဲ့
ချိန်းထားသလိုမျိုး တိကျတာဟာ
နှစ်ယောက်စလုံးအတွက် ကောင်းပါတယ်။
ခင်နေပြီပဲ
ကိုယ်ချစ်သူပဲ
စိတ်မဆိုးလောက်ပါဘူး ဆိုပြီး နေမယ်ဆို
လျော့တိလျော့ရဲ့ ဖြစ်ပြီး
ရေရှည် ဆက်ဆံရေးကိုပါ ထိခိုက်နိုင်မလားဆိုတဲ့ အတွေးလဲ ခေါင်းထဲဝင်လာပါတယ်။
ကိုအောင်အောင်သွင်တို့ ဇနီးမောင်နှံဟာ
အပြစ် ပြောစရာပေါ်လာရင်တောင်
သူစိမ်းတစ်ယောက်ကို ဝေဖန်သလို ဝေဖန်ဖို့ ကြိုးစားကြတာကိုလဲ ကျနော်ပြန်တွေးမိပါတယ်။
ကိုယ့်မိန်းမ ကိုယ့်ယောက်ျားမို့ ဆိုပြီး
`နင့်ဟာကလည်း ချာတူးကို လံနေတာပဲ´ဆိုပြီး
လက်လွှတ်စပယ် မပြောဖြစ်အောင်
ထိန်းတယ်ဆိုတာ ကျနော့်မျက်စိထဲ ပြန်မြင်ယာင်လာတယ်။
သူတို့လင်မယားအချင်းချင်း ဝေဖန်စရာရှိရင်
လက်လွှတ်စပယ် မပြောဖြစ်အောင် ထိန်းတာကြောင့်
သူတို့ အိမ်ထောင်ရေး အဆင်ပြေတာလားလို့ တွေးမိတယ်။
ဘာကြောင့်ဒီလို တွေးမိလဲဆိုတော့
သူစိမ်း တစ်ယောက်ကို ကျွန်တော်တို့ အပြစ် ပြောခဲပါတယ်။
ပြောမယ်ဆိုရင်တောင် ဖော့ပြီး ပြောပါတယ်။
ကိုယ်နဲ့ ပြောမနာ ဆိုမနာ ခင်သွားမှ
“နင် ...ဒီလို စကားကို ဖြတ် ဖြတ်ပြောတာ ငါလုံးဝ မကြိုက်ဘူး” လို့ တုတ်ထိုး အိုးပေါက် ပြောမိသွားတယ်။
ဘယ်လောက်ပဲခင်ခင်
ဘယ်လောက်ပဲ သွေးသားတော်တော်
ဒီလို အပြောခံရရင်
စိတ်ထဲမှာတော့ အနည်းငယ် ခံစားသွားရရှာမှာပဲ။
မျက်စိမျက်နှာတော့ ပျက်မှာပဲ။
ထောက်ပြ ပြုပြင်ပေးလိုတဲ့ စေတနာကို နားလည်ပေမဲ့
အပြောခံရတဲ့ အချိန် စက္ကန့်ပိုင်းလေးမှာတော့
တစ်မျိုး တစ်မည် သူသူငါငါ ခံစားရနိုင်ပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ သူစိမ်းတွေကို ဝေဖန် ထောက်ပြမယ်ဆိုရင်
အသက်အသာဆုံး နည်းလမ်း သုံးပြီးတော့ ပြောဆိုပါတယ်။
ကျနော်တို့ အချင်းချင်း ဝေဖန်စရာ ပေါ်လာရင်
ထောက်ပြ ပြုပြင်ပေးစရာ ပေါ်လာရင်
သူစိမ်းတွေကို ဝေဖန် ထောက်ပြသလို
အသက်အသာဆုံး နည်းလမ်း သုံးပြီးတော့
ပြောဆိုကြရင် ပိုကောင်းမလားဆိုတဲ့ အတွေး ခေါင်းထဲဝင်လာပါတယ်။
ဒီလိုသာ တစ်ဦးနဲ့ တစ်ဦး အမြဲ ဆက်ဆံသွားမယ်ဆိုရင်
ဝေဖန်တယ်ဆိုတဲ့ စကားလုံးဟာ အရောင်တစ်မျိုး ပြောင်းသွားမှာပါ။
ကျနော်တို့ ဆက်ဆံရေးလဲ ပိုချောမွေ့လာမှာပါ။
ကိုအောင်အောင်သွင်တို့ ဇနီးမောင်နှံ
အချင်းချင်း စိတ်တိုစိတ်ကောက်တာ ကျနော်မတွေ့ဘူးဘူး။
ဒါကြောင့်
သူတို့ အချင်းချင်း
စိတ်မတို စိတ်မကောက်ကြလို့ အိမ်ထောင်ရေး အဆင်ပြေတာလားလို့လဲ ကျနော်တွေးမိတယ်။
ကျွန်တော်တို့တတွေဟာ
သူစိမ်းတွေ အပေါ်မှာ စိတ်တိုခဲပါတယ်။
စိတ်တိုတယ် စိတ်ကောက်တယ် ဆိုတာ အချင်းချင်းတွေပဲ ဖြစ်ကြတာပါ။
သူစိမ်း တစ်ယောက်က
ကိုယ့်ကို တစ်ခုခု မှားလုပ်မိရင်တောင် အလွန်အမင်း စိတ်မတိုကြပါဘူး။
သူမသိလို့ မှားတာပဲ ဆိုပြီး
ခွင့်လွှတ်တတ်ကြပါတယ်။
စိတ်တိုသွားရင်တောင် ကိုယ့်အမျက်ကို သူမသိရအောင် မျိုသိပ်နိုင်ပါတယ်။
ဒါပေမဲ့ ကျနော်တို့နှစ်ယောက်
တွေ့တိုင်း ဘာမဟုတ်တာနဲ့
ခဏခဏ စိတ်တိုကြ။
ခဏခဏ စိတ်ကောက်ကြ။
လမ်းခွဲကြ။
ပြီးတော့ လမ်းတ၀က်မှာပဲ နောင်တရ။
ကားဂိတ်ကို အပြေးအလွှားလိုက်။
မတွေ့တော့ ထိုင်မရ ထမရဖြစ်။
ဒါတွေရဲ့ တရားခံက
ထစ်ကနဲဆို စိတ်တို စိတ်ကောက်တတ်တဲ့ အကျင့်ဆိုးတွေကြောင့်ပဲ။
တကယ်လို့
တစ်ခုခု မှားလုပ်မိရင်တောင်
အလွန်အမင်း စိတ်မတိုမိစေဘဲ
အော်..သူမသိလို့ မှားတာပဲ ဆိုပြီး ခွင့်လွှတ်တတ်ကြရင်ပိုကောင်းမလားဆိုတဲ့ အတွေး ခေါင်းထဲဝင်လာပါတယ်။
ကိုအောင်ကြီးတို့ မောင်နှံကို သဘောကျတဲ့ အချက်တချက်က
တယောက်အကြိုက် တယောက်အလိုက်ကို အမြဲကြည့်ပြီး ရှာဖွေနေတာပဲ။
ခုပဲကြည့်
သက်က ၃၆ လမ်းက ဆီချက်ခေါက်ဆွဲ သိပ်ကြိုက်လို့ လာဝယ်တာတဲ့
ကိုလွင်ကြီး အမက မောင်ထော်လေးက ဆီချက်ကို မကြိုက်ဘူးလေ တဲ့
ဒီလို တယောက်အကြိုက်ကို သိအောင်
တယောက်မကြိုက်တာကို သိအောင်ကြိုးစားနေကြလို့လဲ
သူတို့ အိမ်ထောင်ရေး အဆင်ပြေတာလို့ကျနော်မှတ်ချက်ချမိတယ်။
သူစိမ်းတစ်ယောက်ကို ခင်ချင်တဲ့ အခါ
ကျွန်တော်တို့
သူ့အကြောင်းကို သိအောင်
သူ့အကြိုက်ကို သိအောင်
သူမကြိုက်တာကို သိအောင် .... ကြိုးစားကြတယ်။
တကယ်တော့ သူဟာ ကိုယ်မဟုတ်ရင်
နှစ်ပေါင်းများစွာ ပေါင်းလာတဲ့
လင်မယားပင် ဖြစ်ပေမဲ့
သူ့အကြောင်း အကုန် ကိုယ်က မသိနိုင်ပါဘူး။
ပေါင်းလာတာ ကြာပါပြီကွာ
ချစ်သူတွေးပဲ ဆိုပြီး မနေဘဲ
သူ့အကြိုက် သူ့အလိုက်ကို အမြဲကြည့်ပြီး ရှာဖွေနေမှ
သူ့အကြိုက်ကို သိလာမှာ။
သူမကြိုက်တာကို သိလာမှာ။
ဒါကြောင့်
ကျနော်တို့ အချင်းချင်း
ဘာတွေကို ကြိုက်တယ်။
ဘာတွေကို မကြိုက်ဘူးဆိုတာ
ပွင့်ပွင့်လင်းလင်း ပြောထားကြရင်
သူ့ အကြိုက်ကို သိအောင်...
သူမကြိုက်တာကို သိအောင်...
ကြိုးစားကြရင် ပိုကောင်းမလားဆိုတဲ့ အတွေး ခေါင်းထဲဝင်လာပါတယ်။
လူအချင်းချင်း အကျွမ်းဝင်သွားရင်
သူတို့ ကြားက ဘောင်တွေ ကလနားတွေ ဖြည်းဖြည်းချင်း ပြေလျော့ကုန်တတ်ပါတယ်။
စနောက်တဲ့ အခါလဲ သူစိမ်းမဟုတ်တော့ရင် ပိုပြီး နာနာထိုးထိုးလေး စနောက်တတ်ပါတယ်။
တလောကတောင် ကျွန်တော် သွားနောက် မိသေးတယ်။
နောက်မှ တွေးပြီး စိတ်မကောင်းဘူး။
ခင်နေတယ် ဆိုပေမယ့်လည်း
သူ့အတွက် စိတ်အနှောက် အယှက် ဖြစ်သွားနိုင်တယ်ဆိုတာ နောက်မှ တွေးမိတယ်။
အဲဒီလိုမျိုး ခင်တယ် ဆိုပြီး စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားတတ်တယ်။
ရာဇ၀င်ထဲမှာ
လင်နဲ့ မယားဆိုပြီး
ကိုယ်က ရေနဲ့ ပက်ပြီး ကျီစားပေမယ့်
ကိုယ့်ကို အဆိပ်ခတ် သတ်ချင်လောက်အောင် နာကျည်းသွားတာမျိုးတွေလည်း ရှိခဲ့ဖူးတယ်။
ကိုအောင်အောင်သွင်တို့ လင်မယား နှစ်ယောက်စလုံးက
ကျနော်နဲ့ အရမ်းခင်ပေမဲ့
ကျနော့်ကိုလည်း သူစိမ်းလိုပဲ ဆက်ဆံပါတယ်။
တစ်ခါတစ်လေ ကျနော်တို့ဟာ အရမ်း မခင်တတ်သလိုတောင် ခံစားရမယ်။
ထမင်းတွေ ဘာတွေ ဖိတ်ကျွေးလည်း
ကျနော့်ကို ဘယ်လောက် ခင်ခင်
သူစိမ်းတွေကို ထမင်းကျွေးသလို သေသေချာချာ ကျွေးတယ်။
အရမ်း ခင်နေပြီဆိုပြီး
ကိုယ်စားသလို ဖြစ်သလို စားဆိုပြီး မဆက်ဆံကြပါဘူး။
ရင်းနှီး ကျွမ်းဝင်တာ ကလူ ကျီစယ်တာတွေ မရှိတော့ရင်တော့လည်း
တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးကြီးဟာ
ရေခဲတုံးလို အေးစက်ပြီး တွယ်တာစရာ မရှိဖြစ်လာလိမ့်မယ်။
တစ်ဦးနဲ့ တစ်ဦး မပြုပြင် မထောက်ပြရင်လည်း
ကျနော်တို့ရဲ့ မနက်ဖြန်လေး ဆုံးရှုံးခြင်းတွေနဲ့ ကြုံတွေ့ရပြီး ပျက်စီးခြင်းကို ရောက်လိမ့်မယ်။
ကျနော်တို့ရဲ့ အိမ်လေး တစတစ ပျက်စီးခြင်းကို ရောက်ရပါလိမ့်မယ်။
အဲဒီလိုလဲ မဖြစ်ရအောင်
တစ်ဦးနဲ့ တစ်ဦးလဲ ဘောင်မကျော်အောင်
ကျနော်တို့ဘာတွေလုပ်သင့်တယ်ဆိုတာ
ဒီနေ့ ကျမှ
ကျနော်....သိလာသလိုပဲ။
နေက်တော့..မကျလောက်သေးဘူးထင်ပါတယ်ဗျာ။
0 comments:
Post a Comment